အချစ်ဆေး

အချစ်ဆိုတဲ့အရာကိုရှေးအဆက်ဆက်ကတည်းက အ ဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုရှင်းပြ ကြပါတယ်။ အချစ်ဆိုတာ ပေးဆပ်ခြင်း၊ ရယူခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း စသည်ဖြင့် တစ်ယောက်တစ်မျိုးစီ ဖွင့်ဆိုနေကြသလို အချစ်ဆိုတာဘာလဲ လို့လည်းမေးခွန်းထုတ်ကာ တစ်ယောက်တစ်မျိုးဖြေနေကြဆဲပါပဲ။

အချစ်ဆိုတာအကောင်အထည်လိုက် ဖော်ပြလို့မရတဲ့စိတ်ခံစားချက်မျိုးဆိုတော့လည်း
အ ဓိပ္ပါယ်တိတိကျကျသတ်မှတ်ဖို့ ခက်ခဲတဲ့အရာတစ်ခုဖြစ်နေတာလားတော့မသိပါဘူး။ ဒါပေမယ့်သေချာတာကတော့ လူသားတွေဟာအချစ်နဲ့ ကင်းကင်းမနေနိုင်ကြတာပါပဲ။ ကိုယ့်မိဘ၊ သားသမီးကိုချစ်တယ်။ မောင်နှမသားချင်းတွေကိုချစ်တယ်။ အဆွေအမျိုးတွေ ကိုချစ်တယ်။ သူငယ်ချင်းမိတ်ဆွေတွေကိုချစ်တယ်။ ချစ်သူရည်းစားကိုချစ်တယ်။ ချစ်စရာမရှိဘူးဆိုရင်တောင် ခွေးကလေး၊ ကြောင်ကလေး၊ ငါးလေးတွေ မွေးထားပြီး ချစ်နေကြပါတယ်။ ကိုယ်ချစ်တဲ့ကြောင်လေး၊ ခွေးလေး သေသွားရင် ၀မ်းနည်းပူဆွေးပြီး တသသနဲ့ ပြန်ပြန်ပြောပြီးလည်း ငိုတတ်ကြသူတွေလည်းရှိပါတယ်။

ချစ်သူကစွန့်ခွာသွားလို့ ၊ အကြောင်းကြောင်းကြောင့်ချစ်သူနဲ့ဝေးကွာသွားရလို့ အထီးကျန် လွမ်းဆွတ်နေကြသူတွေလည်းရှိပါတယ်။ အထီးကျန်လာရာကနေ စိတ်ကျရောဂါ စွဲကပ် လာတာမျိုးလည်း ရှိပါတယ်။ အချစ်ဆိုတဲ့အရာအတွက် အသက်စွန့်သွားတဲ့ သူတွေ လည်းရှိပါတယ်။ လူတွေဟာအချစ်ကိုဘာ့ကြောင့်ရှာဖွေကြသလဲဆိုရင် လူဆိုတာ တစ်ယောက်တည်းမနေချင်လို့ပါပဲ။ တစ်ယောက်တည်းအထီးကျန်နေတဲ့သူဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ချစ်ခင်ပျော်ရွှင်နေသူတွေထက်
နှလုံးရောဂါဖြစ်ဖို့ ပိုလို့အခွင့်အလမ်းများပါတယ်။

သုတေသနပြုလုပ်ချက်များနဲ့ စစ်တမ်းကောက်ယူချက်များအရ အထီးကျန်ပြီး စိတ်ကျနေတဲ့ လူတစ်ယောက်ဟာ ၆လအတွင်းမှာ နှလုံးရောဂါဖြစ်ပွားနိုင်ချေ ၄ဆ ပိုများတယ်လို့ တွေ့ရပါတယ်။ ချစ်ခြင်းမေတ္တာဟာလူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုအကျိုးသက်ရောက်နေပါတယ်။ အချစ်ဆိုတဲ့အရာဟာ လူသားတွေရဲ့ ကျန်းမာရေးကိုတိုက်ရိုက်အကျိုးသက်ရောက်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
အချစ်ကြောင့်ကျန်းမာရေးကောင်းမွန်စေနိုင်သလို ကျန်းမာရေးလည်း ယုတ်လျော့လာ စေနိုင်ပါတယ်။ အခြားလူများနှင့်ပေါင်းသင်းဆက်ဆံရေးဟာ လူ့ဘ၀ရဲ့အရည်အသွေး တစ်ခုဖြစ်နေရုံမျှမကဘဲ အသက်ရှင်နေထိုင်ခြင်း ကိုပါအကျိုးဖြစ်စေပါတယ်။ အထီးကျန်နေသူတွေဟာ မူးယစ်ဆေးဝါး၊ အရက်သေစာ နဲ့ စီးကရက်သောက် နှုန်းပိုလို့ များပါတယ်။ သူတို့ဟာမည်သူတစ်ဦးတစ်ဦးအတွက်မှ အသက်ရှင်နေထိုင်ခြင်းမဟုတ်ဘူးလို့ ခံစားနေရတဲ့အတွက် မိမိကိုမိမိဂရုမပြုခြင်းပဲ ဖြစ်ပါတယ်။ မကြာသေးမီက လေ့လာချက် များအရ ချစ်ခြင်းမေတ္တာဟာ နှလုံးရောဂါအတွက်
များစွာအကျိုးသက်ရောက်မှု ရှိတယ်လို့ဆိုပါတယ်။

လူ့အသိုင်းအ၀ိုင်းမှာလူအချင်းချင်းမေတ္တာထားခြင်းဟာ လူ့ဘ၀မှာ ဘယ်လိုအသက်ရှင်နေ ထိုင်မယ် ဆိုတာရယ် ၊ ဘယ်လောက်အသက်ရှည်ရှည်နေထိုင်တယ်ဆိုတာရယ်နဲ့ တိုက်ရိုက်အချိုးကျဆက်နွယ်နေပါတယ်။ ချစ်ခြင်းမေတ္တာသည်သာ အကောင်းဆုံး ၊ အထိရောက်ဆုံးဆေးဝါးဖြစ်နေပါတယ်။
လူမှုပတ်ဝန်းကျင်မှာ လူအချင်းချင်းအသိအမှတ်ပြုခြင်း နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အချင်းချင်းချီးမွမ်းစကားဆိုခြင်း၊ ရိုသေအလေးအမြတ်ပြုခြင်း တို့ဟာ လူတို့ရဲ့စိတ် ကျန်းမာရေး အတွက်များစွာအထောက်အကူပြုနေပါတယ်။ အချစ်ဆိုတာသင့်နှလုံးသားထဲမှာသိမ်းဆည်းထားဖို့မဟုတ်ပါဘူး။ အချစ်ဆိုတာ သင်ကမပေးလိုက်မချင်းအချစ်မဟုတ်ပါဘူး လို့ Michael W.Smith ကပြောခဲ့ပါတယ်။

လူအချင်းချင်းချစ်ခြင်းမေတ္တာကိုပြသဖို့ရာကလည်းမခဲယဉ်းလှပါဘူး။ တယ်လီဖုန်းလေးကောက်မပြီးဖုန်းခေါ်မယ် ။သာရဲ့လား မာရဲ့လား မေးမြန်းပြီး သူတစ်ပါးအပေါ်မှာ ကိုယ်ကအလေးအမြတ်ထားကြောင်းပြမယ်။ အရှည်ကြီးရေးစရာမလိုဘဲ စာတိုလေး ၁ကြောင်း၊ ၂ကြောင်းလောက်ရေးပြီး သတိရကြောင်းပြသမယ်ဆိုရင် တစ်ဖက်ကလက်ခံသူဟာလည်း ၀မ်းမြောက်ပျော်ရွှင်စွာ သင့်ရဲ့ချစ်ခြင်း
မေတ္တာ ကိုရရှိမှာဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာ ပေးလိုက်ဖို့ရော ၊ ရယူဖို့ပါ ငွေကုန်ကြေးကျများတဲ့အရာတစ်ခုမဟုတ်တဲ့အတွက် လူအချင်းချင်း
မေတ္တာထားဖို့ ခက်ခဲပင်ပန်းတဲ့အလုပ်တစ်ခုမဟုတ်ပါဘူးရှင်။



သတင်းစာ ဆောင်းပါး love ကို မှီငြမ်းပါသည်။


ဟနစံ


စိတ်ကူး အိမ်ကလေး

အိမ်…

လူတစ်ယောက် နေထိုင်ဖို့အတွက် နေရာတစ်နေရာ ရှိရမည်ဆိုလျှင် ထိုနေရာသည် အိမ်ဖြစ်ကောင်းဖြစ်လိမ့်မည်။ ကျွန်မပိုင်ဆိုင်သော အိမ်ဆို၍
တစ်ခုမျှမရှိပါ။ ကျွန်မ မိဘများနှင့် ကျွန်မအတူနေထိုင်ပါသဖြင့် ကျွန်မ နေထိုင်သောအိမ်သည် ကျွန်မ မိဘများ၏ အိမ်ဖြစ်ပေသည်။ကျွန်မ ကိုယ်ပိုင် အိမ်ကလေးတစ်လုံး ကျွန်မ လိုချင်ခဲ့ပါသည်။ ထိုအိမ်ကလေးတွင် နေထိုင်မည့်သူများမှာ ကျွန်မ နှင့် ကျွန်မနှလုံးသားအသည်းအိမ်တွင် နေထိုင်နေသူ ချစ်သူ ဖြစ်ပါသည်။ ကျွန်မ၏ စိတ်ကူးထဲတွင် ကျွန်မမှာ ကိုယ်ပိုင်အိမ် ကလေး တစ်လုံး ရှိပါသည်။ ထိုအိမ်ကလေးကို ကျွန်မက စိတ်ကူးအိမ်ကလေးဟု အမည်ပေးထားလိုက်ပါသည်။

တောမကျ ၊ မြို့မကျ လှသည့်နေရာလေးတွင် တည်ရှိသော ကျွန်မ၏ အိမ်ကလေးမှာ တိမ်ပြာပြာဆေးရောင်များ ခြယ်ထားသော ခြေတံသိပ်မရှည်သော ပျဉ်ထောင်အိမ်ကလေး ဖြစ်ပါသည်။

အိမ်ကလေး သို့ရောက်ရှိရန် မြေနီလမ်းကလေးမှ တဆင့်လာရမည်ဖြစ်ပြီး အိမ်ကလေးကို လုံခြုံစေရန် ခြံဝန်းခတ်ထားသော ပုဏ္ဍရိတ် ခြံစည်းရိုးတွင် ပုဏ္ဍရိတ်ပန်းနီနီများ ဖူးပွင့်နေပါလိမ့်မည်။

တိမ်ပြာပြာ ဆေးရောင်ခြယ်ထားသော ခြံဝန်းတံခါးလေးကို တွန်းဖွင့်လိုက်ပြီး မြေနီလမ်းကလေးမှနေ၍
အိမ်ကို ၀င်လာနိုင်မည် ဖြစ်သည်။အိမ်ကလေးတွင် ကျယ်ဝန်းသော
ဝရန်တာရှိပါသည်။ လှေကား ၄ ဆင့်ကို ကျော်လွန်လာလျှင် ထိုဝရန်တာကို ရောက်ရှိနိုင်ပါသည်။ ညနေခင်းများတွင်သော်လည်းကောင်း ၊ လသာသောညများတွင်သော်လည်းကောင်း ထိုဝရန်တာ တွင်ထိုင်ကာ ကျွန်မက တယောတီးပါလိမ့်မည်။
ချစ်သူက ကျွန်မ တီးခတ်သော တေးသွားကို နားဆင်ပေလိမ့်မည်။

ကြယ်တွေစုံသော ညများတွင် စိတ်လိုလက်ရ ဂီတာတီးသောချစ်သူ၏ ပုခုံးကိုမီကာ ကျွန်မက ချစ်သူဆိုသော တေးသီချင်းကို တိုးတိုးလေးလိုက်ဆိုပါလိမ့်မည်။ ၀ရန်တာ ဘေးကိုလှမ်းကြည့်လျှင် ချစ်သူက ကျွန်မအတွက် စိုက်ပျိုးထားပေးသော စံပယ်ရုံ ၅ ရုံကို တွေ့ရမည်ဖြစ်ပေသည်။

ထိုဝရန်တာ အလွန်တွင် ဧည့်ခန်းကို ၀င်ရောက်သော တံခါးပေါက်ကျယ်ကို ကျွန်မကိုယ်တိုင်ချုပ်သော ဇာခန်းဆီး အဖြူဖြင့် အိမ်အတွင်းပိုင်းကို အပြင်မှ ရုတ်တရက်မမြင်ရလေအောင် ကာကွယ်ထားပါသည်။ဧည့်ခန်း လျှာထိုးကြမ်းပြင်မှာ ကျွန်မက ဖယောင်းဖြင့် အထပ်ထပ် ကြမ်းတိုက်ထားသောကြောင့် ပြောင်လက် တောက်ပနေပေလိမ့်မည်။ ပြတင်းပေါက်များမှာ ကျယ်ဝန်းပြီး ဇာခန်းဆီးအဖြူများဖြင့် လှပနေပါလိမ့်မည်။

ဧည့်ခန်း၏ ပရိဘောဂများမှာ ကြိမ်ဖြင့်ပြုလုပ်ထားသော ဆက်တီခုံများဖြစ်ပြီး ထိုင်လျှင် သက်တောင့် သက်သာဖြစ်စေရန် ကျွန်မ ကိုယ်တိုင်ချုပ်ထားသော ကူရှင်ခေါင်းအုံး များထားရှိထားပါသည်။ ထိုကူရှင်ခေါင်းအုံးဖြူဖြူလေးများသည် ကျွန်မကိုယ်တိုင် ဇာပန်းထိုးထားသော ပန်းခက်နွယ်လေးများဖြင့် လှပနေပေလိမ့်မည်။ ဧည့်ခန်းစားပွဲမှာ ကြိမ်ဖြင့်ပြုလုပ်ထားပြီး မှန်သားပြင် မျက်နှာပြင်ဖြစ်ပေလိမ့်မည်။
ထိုစားပွဲပေါ်တွင် ကျွန်မ၏ အိမ်ရှေ့မှာ စိုက်ပျိုးထားသော ရာသီပန်းပင်များမှ ပန်းပွင့်များဖြင့် အလှပန်းအိုးထိုးထားမည် ဖြစ်သည်။ ဒေစီ ၊ ဇီဇ၀ါ ၊ တရုတ်စကား ၊ ယုဇန၊ ခတ္တာ ပန်းများ အလှည့်ကျ ပါဝင်ပေလိမ့်မည်။ ပန်းပွင့်ဖြူဖြူများကို မြတ်နိုးသော ကျွန်မသည် အဖြူရောင်ပန်းများကို စိုက်ပျိုးထားမည် ဖြစ်ပေသဖြင့် ကျွန်မ၏ ဧည့်ခန်းစားပွဲမှာ ပန်းပွင့်ဖြူဖြူများ အများဆုံးရှိနေတတ်ပေလိမ့်မည်။ အိမ်နီးချင်းများကိုလည်း ဘုရားပန်းကပ်လှုရန်အတွက် ကျွန်မ၏ ပန်းဖြူဖြူလေးများ ဝေငှမည် ဖြစ်ပေသည်။

ဧည့်ခန်း၏ ဘယ်ဘက်တွင် ဘုရားခန်းရှိပါသည်။ အိမ်နံဘေးတွင် ကျွန်မ စိုက်ပျိုးထားသော ခရေပင်မှ ခရေပွင့်များ ၊ အိမ်ရှေ့ စံပယ်ရုံမှ စံပယ်ပွင့်များ ဘုရားကို ကပ်လှုထားသောကြောင့် ဘုရားခန်းအတွင်းသို့ ၀င်လျှင် ပန်းရနံ့များ မွှေးပျံ့  နေပါလိမ့်မည်။ ဘုရားခန်းပြတင်းပေါက်မှ အပြင်သို့ ကြည့်လျှင် အဖူးအပွင့်များနှင့် ဝေဆာနေသော ခရေပင်ပျိုကို တွေ့ပါလိမ့်မည်။

ဘုရားခန်း အနောက်ဖက် အလွန်တွင် အိပ်ခန်း ၂ ခန်းရှိပါသည်။ အိပ်ခန်းတစ်ခန်းမှာ ကျွန်မနှင့် ချစ်သူ၏ အိပ်ခန်းဖြစ်ပြီး ကျန်အိပ်ခန်းတစ်ခန်းမှာ ကျွန်မတို့၏ အနာဂတ် ရတနာလေး အတွက် ဖြစ်ပေလိမ့်မည်။
ရတနာလေး ရောက်မလာခင်သေးချိန်တွင်မူ ထိုအိပ်ခန်းသည် ချစ်သူ တိတ်ဆိတ်စွာ စာဖတ်သော စာဖတ်ခန်း ဖြစ်ပေလိမ့်မည်။

ဧည့်ခန်း၏ အနောက်ဖက်တွင် ထမင်းစားခန်း နှင့် မီးဖိုဆောင် ရှိပါသည်။ မီးဖိုဆောင် ပြတင်းပေါက်မှ အပြင်ဘက်သို့ ကြည့်လိုက်လျှင် ကျွန်မ နှင့် ချစ်သူ စိုက်ပျိုးထားသော အိမ်နောက်ဖေး စိုက်ခင်းလေးကို စိမ်းလန်းစိုပြေစွာ တွေ့ရှိရမည် ဖြစ်ပေသည်။ ခရမ်းချဉ်သီးပင် များမှာ အပင်ညွှတ်ကျနေအောင် သီးနေပေလိမ့်မည်။ ချဉ်ပေါင်ခင်းမှာ စိမ်းစိုနေပေလိမ့်မည်။ ခရမ်သီးများမှာ ခရမ်းသီးပင်မှ မြေသို့ ညွှတ်ကျနေပေလိမ့်မည်။ ကင်ပွန်းချဉ်ချုံနွယ်မှာ စိမ်းစိုကာ ပိန်းပိတ်နေပေလိမ့်မည်။ စပါးလင်ရုံ နှင့်အတူ ငှက်ပျောပင်များကိုပါ တွေ့ရှိရလိမ့်မည် ဖြစ်ပေသည်။အိမ်နောက်ဖေး စိုက်ခင်းလေးမှ ဟင်းသီး ဟင်းရွက်များကို တစ်နေ့ တစ်မျိုးမရိုးရအောင် ကျွန်မက အမျိုးမျိုးချက်ပါလိမ့်မည်။

ထိုအိမ်ကလေးတွင် ကျွန်မသည် ချစ်သူနှင့်အတူ ပျော်ရွှင်နေပါလိမ့်မည်။ ညချမ်း အချိန် များတွင် ကျွန်မနှင့် ချစ်သူ ဖန်တီးသော တေးသွားများကို လေပြေညှင်းက အိမ်နီးချင်းများထံ သယ်ဆောင်သွားပေးပါလိမ့်မည်။


ထိုအိမ်ကလေးသည် ကျွန်မ၏ စိတ်ကူးအိမ်ကလေးဖြစ်ခဲ့ပါသည်။ ကျွန်မ၏ စိတ်ကူးအိမ်ကလေးကို ကျွန်မ တည်ဆောက်ထားကြောင်း ချစ်သူကို မပြောပြခဲ့မိပါ။ ကျွန်မသည် ချစ်သူ၏စိတ်ကို ထိုးဖောက်မြင်နိုင်သကဲ့သို့ပင် ကျွန်မကိုလည်း ချစ်သူ နားလည်ပေလိမ့်မည်။

………….
……….………
........................
.......................

စိတ်ကူးတို့သည် စိတ်ကူးသာဖြစ်ကြောင်း ကျွန်မ သဘောပေါက်မိချိန်သည် ကျွန်မ၏ နှလုံးသားအိမ်တွင် နေထိုင်နေသော ချစ်သူက တခြားအိမ် တစ်အိမ်သို့ ပြောင်း ရွှေ့သွား ချိန်တွင်မှ ဖြစ်ပါသည်။ ကျွန်မမိဘများနှင့်အတူ နေထိုင်သော ကျွန်မမိဘများ၏အိမ်သည် ကျွန်မ၏ စိတ်ကူးအိမ်ကလေးထက် များစွာ ကြီးကျယ်ခမ်းနားလှသည်ကြောင့် ကျွန်မ၏ စိတ်ကူး အိမ်ကလေး ကို ချစ်သူက မသိမြင်ခဲ့ပါချေ။
ကျွန်မ၏ စိတ်ကူးအိမ်ကလေးကဲ့သို့သော အိမ် ဆိုသည့်နေရာမှာပင် နေထိုင်နိုင်စွမ်းရှိသော ချစ်သူက ကျွန်မ လက်ရှိနေထိုင်နေသော မိဘများ၏ အိမ်ကြောင့်သာပင် ကျွန်မနှလုံးသားအသည်းအိမ်မှသည် အခြားအိမ်သို့ ပြောင်းရွှေ့နေထိုင် သွားခဲ့လေသည်။

မောင့်ဘ၀ကြမ်းထဲကို မလေး လိုက်နေနိုင်မှာ မဟုတ်ပါဘူး ဟူသော သူ့ဘာသာသူပင် စွဲချက်တင်ကာ စီရင်ချက်ချခဲ့ပါသည်။
မလေး နေထိုင်နေတဲ့ လက်ရှိဘ၀မျိုးကနေ ဘယ်လမ်း ကိုလျှောက်လို့ ဘယ်စခန်းကိုရောက်မယ် မသိတဲ့ ၊ အနာဂတ်မဲ့တဲ့ မောင့်ဘ၀ ထဲကို မလေး ဘယ်လိုမှ လိုက်နေနိုင်မှာ မဟုတ်ပါဘူး ဆိုသော ကျွန်မအပေါ် တစ်ဖက်သတ်စွပ်စွဲ ဆုံးဖြတ် သွားခဲ့ကာ သူ့ ဘ၀ထဲကို လိုက်နေနိုင်မည်ဟု သူယုံကြည်သော ရွာကလေးတစ်ခုမှ သူ့ ချစ်သူကို သူ့ဘ၀ထဲ ခေါ်သွားခဲ့သော ချစ်သူကို ကျွန်မ၏ စိတ်ကူးအိမ်ကလေးအကြောင်း ကျွန်မ မပြောပြဖြစ်ခဲ့ပါ။

ချစ်ချင်သော အခါတွင် အကြောင်းပြချက်မရှိဘဲ မြတ်နိုးချစ်တတ်ကြသော ယောက်ျားများ သည် မုန်းချင်သောအခါတွင်လည်း အကြောင်းပြချက်မရှိဘဲ မုန်းတတ်ကြောင်းကို ကျွန်မ သိရှိချိန်တွင်
ကျွန်မ၏ စိတ်ကူးအိမ်ကလေး ပြိုကျ ပျက်စီးသွားခဲ့ပြီ ဖြစ်ပေသည်။


မလေးစံပယ်

အခြားဆက်ဖက်ရန်
အတိတ်ခါး












ဆက်သွယ်ရန် လိပ်စာကတော့

အီမေးလ်ကတော့= maisoejar@gmail.com
ဘလော့ကတော့=www.palaunglay.blogspot.com

Visiter No