ချစ်သူ နှင့် အဖြူရောင်အပိုင်းအစ

curtain.jpg

လေအဝှေ့တွင် တစ်ချက်တွန့်သွားမိသည်ကို ကြည့်လျက် ချစ်သူက ပြုံးလေသည်။ ချစ်သူပြုံးသောအခါ ကျွန်မ ပျော်ပါသည်။ ချစ်သူပြုံးလျင် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြုံးလေ့ရှိသောကြောင့် သွား ၀ါကြောင်ကြောင်လေးများကို မြင်တွေ့ခွင့်မရှိပါ။

ဘယ်လိုပြုံးပြုံး ချစ်သူက ချစ်ဖို့ကောင်းပါသည်။
ကျွန်မက ချစ်ဖို့ကောင်းလိုက်တာ..မောင်ရယ် ဟု ညင်ညင်သာသာ ရေရွတ်မိသောအခါ ချစ်သူသည် ကျွန်မ၏ ဖြူဖတ်ဖြူရော် အသားလေးကို ဖွဖွထိရင်း နံရံဘက်တွင် မှီနေစေပါသည်။ ထို့နောက် တစ်ခုခုကို စူးစမ်း သည့် အလား ပြတင်းတံခါး အပြင်ဘက်သို့ စောင်းငဲ့ကြည့်လေ့ရှိသည်။ ပထမပိုင်းတွင် ချစ်သူ၏ အရိပ်အခြေကို ကျွန်မ သတိမထားမိသော်လည်း အချိန်ကြာလာသည်နှင့် အမျှ ကျွန်မ သိလာခဲ့ရသည်မှာ ချစ်သူ၏ စိတ်အစဉ်သည် ကျွန်မ ထံတွင် ရှိမနေ - ဟူသော အချက်သာ ဖြစ်ပါသည်။

ချစ်သူသည် ကျွန်မကို မသိကျိုးကျွန်ပြုကာ ပြတင်းတံခါးကို ကျော်ဖြတ်လျက် တစ်ဖက် အိမ်ခန်းရှိ အမျိုးသမီးငယ်လေးကို ကြည့်တတ်လျက်ရှိကြောင်း ကျွန်မ သိလာခဲ့ရသည်။ ရံဖန်ရံခါတွင် ကျွန်မ မရိပ်မိစေရန် ခိုးကြောင်ခိုးဝှက် လှမ်းကြည့်ခြင်းဖြစ်သော်လည်း ၊ အချိန်ကြာ လာသောအခါ ချစ်သူသည် ကျွန်မကို ခဏခဏ မသိကျိုးကျွန်ပြုလျက် အဆိုပါ အမျိုးသမီး ငယ် အား စူးစူးရဲရဲ ကြည့်တတ်လာပါသည်။
ထိုသို့ ကြည့်ရ၊မြင်ရ၊တွေ့ရသည်ကို ချစ်သူ ပျော်ရွှင် သည်လား။

ပျော်ရွှင်လျင် ကြည့်လိုက်၊ မြင်လိုက်၊ တွေ့လိုက်စမ်းပါလေ။ ကျွန်မ မသိသလို နေပေးပါ့မယ်။
ချစ်သူရဲ့ ပျော်ရွှင်မှုသည်သာ ကျွန်မ၏ ပျော်ရွှင်မှု ဖြစ်ရပါစေ့မယ်။ ချစ်သူက ကျွန်မ တစိမ့်စိမ့် ကြည့် လျက် ချစ်ခင်စွဲလမ်းရသော၊ သံယောဇဉ် အရှိရဆုံးသော လူတစ်ယောက်ပါပဲလေ။

တစ်နေ့တွင် ချစ်သူသည် ပြတင်းတံခါးကို ဖွင့်ကာ ကျွန်မရှိနေသည်ကို ဥပေက္ခာပြုလျက် ထိုအမျိုးသမီးငယ်လေးအား မြင်ရသောနေရာတွင် ခုံတစ်လုံးချထိုင်ရင်း စာဖတ်ချင်ယောင် ဆောင်လျက်မှပင် စာအုပ်ကို ရင်ဘတ်ပေါ်တင်ရင်း အိပ်ပျော်သွားလေသည်။ ချစ်သူသည် မည်မျှပင် ရင့်ကျက်နေသော ယောက်ျားရင့်မာကြီးဖြစ်နေစေကာမူ အိပ်ပျော်နေသောအခါ ၊ အိပ်မော ကျနေသောအခါများတွင် ကလေးငယ်တစ်ဦးနှင့် လွန်စွာတူပါသည်။ ချစ်သူသည် အိပ်မက်ထဲတွင် အမျိုးသမီးငယ်လေးနှင့် တွေ့ဆုံ၊ပျော်ရွှင်၊ချစ်ကြည်နူးနေရသည့်နှယ် ပြုံးနေသယောင်ပင်။ မျက်ခုံးထူထူမဲမဲကြီးများကို တစ်ချက် တစ်ချက် တွန့်လိုက်သေးသည်။ ကျွန်မအတွက်မူ ကမ္ဘာပေါ်တွင် ချစ်စရာအကောင်းဆုံးသော လူသားမှာ ချစ်သူ သာလျှင် ဖြစ်ပါသည်။ ချစ်သူမှ တစ်ပါး တစ်ခြားသူ မရှိချေ။ ထိုအခိုက်အတန့်တွင် မိုးစက်လေးများ ကျလာလေသည်။ မိုးမှာ သည်းထန်စွာရွာခြင်းမဟုတ်။ ဖွဖွလေး ကျလာခြင်းသာဖြစ်သော်လည်း အဖော်ပါလာသော လေကြောင့် မိုးစက်လေးများသည် ချစ်သူ၏ မျက်နှာပေါ်သို့ တစ်စက်နှစ်စက် ကျလာသည်။ ချစ်သူ..ပြတင်းတံခါးလေး ထ ပိတ်လိုက်ပါလားကွယ်..။ ကျွန်မ မပြောဖြစ်ပါ။ ချစ်သူသည် အိပ်မောကျနေသောကြောင့် အနှောင့်အယှက်ဖြစ်ကာ လန့်နိုးသွားမည်ကို စိုးရိမ်ပါသည်။

အိပ်မောကျနေသော ချစ်သူကို စောင့်ကြည့်လျက်ရှိသော ကျွန်မ၏ ကိုယ်ပေါ်တွင်လည်း မိုးစက်အမှုန်အမွှားလေးများသည် တစ်စက်ချင်း တစ်စက်ချင်း ဖြည်းညင်းစွာ ကျလာလေသည်။ မိုးနှင့်လေသည် တစ်ပြိုင်နက် ကျွန်မကို လာရောက် ထိမှန်သောအခါ ကျွန်မ၏ စိတ်အစဉ်သည် အနည်းငယ် မြူးထူးသယောင် ဖြစ်လာလေသည်။
ချစ်သူနားမှာသာ နေနေပါရစေကွယ်။ ကျွန်မ နေဒဏ်၊လေဒဏ်၊မိုးဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ပါတယ်..။ ကျွန်မ ဒဏ်များကို ကြံ့ကြံ့ခံပါသည်။ သို့သော် သိပ်မကြာပါ။ အဆိုပါ မိုးစက်လေးများ၏ ဒဏ်ကြောင့် လူများတွင် အဖုအပိန့်လေးများ ထွက်လာသကဲ့သို့ ကျွန်မ၏ ကိုယ်အနှံ့တွင် ဖားဥစွဲခြင်းဟု အများက ခေါ်သော အစက်အပြောက်လေးများ ထွက်လာလေသည်။

ချစ်သူသည် ပထမပိုင်းတွင် သတိမထားမိသော်လည်း အဆိုပါ အမျိုးသမီးငယ်လေးအား စောင့်ကြည့်နေသော တစ်ရက်တွင် ကျွန်မ ကိုယ်ပေါ်ရှိ ဖားဥလေးများကို ရုတ်ချည်း ဂရုပြုမိသွား လေသည်။
ကျွန်မ သိထားပါသည်။ ကျွန်မသည် ချစ်သူ၏ မြင်ကွင်းတွင် နေရတော့မည် မဟုတ်ပါ။

ချစ်သူသည် သူ အမြတ်တနိုး တပ်ဆင်ထားခဲ့သော
ကျွန်မဟူသော အဖြူရောင် ခန်းဆီးစလေးကို ဖြုတ်လျက် ချောင်ထိုးထားတော့မည် ဖြစ်ပါသည်။ ချစ်သူသည် ကျွန်မကို ချောင်ထိုးထားတော့မည် ဖြစ်ပါသည်။ အကာအကွယ်ပေးနေနိုင်သေးသော်လည်း အမြင်မလှတော့သောကြောင့် မြင်ကွင်းမှ ဖယ်ကာ ချောင်ထိုးရသည်ဟု ချစ်သူ က ပြောပေလိမ့်မည်။

စိတ်ရှိသည့်အတိုင်း ဆောင်ရွက်ပါလေ။ ချစ်သူ စိတ်ချမ်းမြေ့စေဖို့ ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ ကျွန်မရဲ့ ဘ၀ ဆိုတာ ဖြစ်လာခဲ့ရတာပါ။ မိုးတွေ ရွာရင်သာ ကိုယ့်ကိုယ်ကို အအေးမမိစေဖို့ ဂရုစိုက်ပေးပါ..ချစ်သူ..။ချစ်သူ၏ လက်ထဲတွင် တွန့်ကြေနေပြီဖြစ်သော ကျွန်မက ချစ်သူမျက်နှာကို မော်ကြည့်လျက် ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ရေရွတ်မိလိုက်ပြန်ပါသည်။

ရတနာ



ချစ်သူနှင့် ရာသီ အကူးအပြောင်းများ

greetingcard.jpg
ချစ်သူနှင့် ကျွန်မ စတွေ့သည့်အချိန်မှ စ၍ပင် ယခုချိန်အထိ ချစ်သူသည် ကျွန်မအတွက် ပုံပြင်ထဲမှ မင်းသားလေး တစ်ပါး ဖြစ်ပါသည်။ ကျွန်မ၏ ခက်ခဲ ကြမ်းတမ်းသော အထီးကျန်နေ့ရက်များအတွက် ချစ်သူသည် ကျွန်မ၏ ကယ်တင်ရှင်တစ်ပါးဖြစ်သည်ဟု ဆိုလျှင်လည်း မမှားနိုင်ပြန်။

ကျွန်မ၏ ဦးတည်ရာမဲ့ ရောက်ချင်ရာ ရောက်နေသော လွင့်မျောမှုများ အတွက် ချစ်သူသည် ကျွန်မ၏ ပဲ့ကိုင်ရှင်တစ်ဦး ဖြစ်သည်ဟု လည်း ဆိုနိုင် ပါ သည်။

ချစ်သူနှင့် ကျွန်မတို့သည် ခမ်းနားကြီးကျယ်လှသော စူပါမား ကတ်ကြီး တစ်ခုအတွင်းတွင် မမျှော်လင့်ဘဲ စတင်တွေ့ရှိခဲ့ကြသည်။ တစ်ဦးနှင့်တစ်ဦး စတင်တွေ့ရှိချိန်တွင် ချစ်သူ၏ နှစ်သက်စုံမက်မှုကို သူ၏ မျက်ဝန်းများတွင် ကျွန်မ တွေ့ရှိခဲ့ရသလိုပင်၊ ချစ်သူအပေါ် ကျွန်မ၏ လေးစားမြတ်နိုး တိတ်တခိုး စွဲလမ်းမှု ဆိုသည်ကိုလည်း ကျွန်မ၏ မျက်ဝန်းများမှ ဖုံးဖိမထားနိုင်ခဲ့ပါ။

ကျွန်မ၏ ရင်အစုံသည် တစ်လှပ်လှပ်တုန်လျက်။ တစ်ဆတ်ဆတ် လှုပ်ခါ နေမိသော ကျွန်မ၏ လက်နှစ်ဖက်ကို ချစ်သူသည် သူ၏ လက်ဖ၀ါး ဖြူ
သန့်သန့် ဖြင့် အာဏာရှင်ဆန်ဆန် သိမ်းသွင်းပိုက်ယူကာ နှုတ်ခမ်းအစုံကို ကွေးရုံမျှ ပြုံးလျှက် ကျွန်မကို နှုတ်ဆက်ခဲ့ပါသည်။

တွေ့ဆုံခဲ့ဖူးသော နေ့မှ စတင်လျက် နေ့စဉ်နှင့်အမျှ ဆိုသလိုပင် ကျွန်မသည် ချစ်သူကို တစိမ့်စိမ့်ကြည့်လျက်။ ချစ်သူမှ လည်း ကျွန်မကို တမြတ် တနိုး ကြည့်လျက်။ မျက်မှန်အောက်ရှိ ချစ်သူ၏ မျက်ရစ်မပါသော မျက်ဝန်းလေး များ သည် လည်းကောင်း၊ နှုတ်မှ တဖွဖွ ရွတ်ဆိုပြနေသော ချစ်သူ၏ မြတ်နိုးခြင်း ကဗျာစာသားလေးများသည် လည်းကောင်း ကျွန်မ၏ ရင်ခုန်သံကို အဆုံးစွန် ကမောက်ကမ ဖြစ်စေရန် တာဝန်ယူထားကြပုံ ရလေသည်။

သဘာဝတရား၏ ပြန်တမ်းများအောက်တွင် ပျော်ရွှင်ကြည်နူးဖွယ် ကောင်း သော အချိန်တို့သည် ကျွန်မထံတွင် ကြာကြာနေခွင့်မရကြပါ။ တစ်နေ့တွင် ချစ်သူသည် မပြောမဆိုဖြင့် တဖွဖွ ရွတ်ဆိုနေလေ့ရှိသော ကဗျာ စာသားလေး များကို ကျွန်မ၏ လက်ဖ၀ါးနှစ်ဘက်တွင် ဖြန့်ရေးပါသည်။

သို့သော် ချစ်သူရေရွတ်နေသော အမျိုးသမီး၏ အမည်မှာ ကျွန်မ အမည် မဟုတ်ခဲ့ပါ။ ထိုစဉ်အချိန်ရောက်မှသာ ကျွန်မသည် ကျွန်မဘ၀၏ အခြေအနေ အစစ်အမှန်ကို သဘောပေါက်မိလေတော့သည်။

ကျွန်မချစ်ရသော ချစ်သူ၏ အမိန့်ဆန်ဆန် စေလွှတ်မှု တစ်ခုကို ကျွန်မ မလွန်ဆန်နိုင်ခဲ့ပါ။ လွန်ဆန်နိုင်သည် ထားဦး။ မလွန်ဆန် ၀ံ့ပါ။ လွန်ဆန် ၀ံ့သည် ထားဦး။ မလွန်ဆန် ရက်ပါ။

ချစ်ရသည် ပဲ။


သို့နှင့် ချစ်သူ၏ကဗျာစာသားလေးများကို တယုတယဖြင့် သယ်ယူကာ ချစ်သူ အမှန်တကယ် မြတ်နိုးစွဲလမ်းချစ်ခင်စုံမက် ဘ၀ တစ်သက် လက်တွဲ မည်ဖြစ်သော ချစ်သူ၏ အမျိုးသမီးလေးဆီသို့ ကျွန်မ ရောက်ရှိ ခဲ့ရ ပါသည်။


ခြွေလိုက ခြွေ ၊ စေလို က စေ၊ ချစ်သူ ထားရာ ပြုံးပြုံးလေးနဲ့ နေမယ့်သူပါ။

ကျွန်မ၏ ချစ်သူ ဟု စိတ်ကူးယဉ် ထင်ထားခဲ့မိသော ကျွန်မ၏ ချစ်သူ ဆိုသူသည် အမှန်စင်စစ်တွင် ကျွန်မ၏ ချစ်သူ မှ မဟုတ်သည်ပဲ။

ကျွန်မ၏ ချစ်သူ ဟု ကျွန်မဘက်မှ တစ်ဖက်သတ် သတ်မှတ်သည် ထားဦး။ ကျွန်မသည် ချစ်သူ၏ ကျွန်မ မည်သည့်အခါမျှ ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။

ထိုသို့ ဖြစ်တည်နေမှုများအတွက် ၀မ်းနည်းခြင်းမရှိပါ။ ချစ်သူ၏ ပျော်ရွှင်မှု တစ်ခုအတွက် ကျွန်မသည်လည်း ပျော်ချင်ပါသည်။
ချစ်သူ၏ကောင်မလေးနှင့် ချစ်သူ တို့ နှစ်ယောက်အချိန်တိုအတွင်း အတူတကွ မခွဲမခွာ အစဉ်အမြဲ နေထိုင်နိုင်ကြပါစေဟု ကျွန်မ ဆုတောင်းပါသည်။

သို့မှသာ ကျွန်မဟူသော ချစ်သူ၏ လက်ဖျားများနှင့် တနုတရွ ထိတွေ့ခဲ့ ဖူး သော၊ ကျွန်မဟူသော ကျွန်မ၏ မွှေးပျံ့သော သင်းရနံ့တွင် ယစ်မူးကာ ချစ်သူ နမ်းရှိုက်ခဲ့ဖူးသော၊ ကျွန်မဟူသော ချစ်သူကိုယ်တိုင် ၀ယ်ယူခဲ့ကာ သူ၏ ကောင်မလေးဆီသို့ ပေးပို့ခဲ့သော၊ ကျွန်မဟူသော ချစ်သူ၏ လိုအင်ဆန္ဒ တစ်ခု အတွက် အဖြည့်ခံဖြစ်ခဲ့သော၊ ကျွန်မဟူသော Greeting Card လေးသည် တစ်နေ့တွင် ချစ်သူ၏ကောင်မလေးနှင့် အတူ ချစ်သူရှိရာသို့ အတူတကွ ပြန်လည် လိုက်ပါခွင့် ရနိုင်ပေလိမ့်မည်။

သူတို့ နှစ်ယောက် အမြန် ဆုံစည်းနိုင်ကြပါစေ..ကယ်။

ဆုံစည်းကြပြီးနောက်ပိုင်းလည်း ဝေးနေစဉ်အချိန်အခါများရဲ့ အမှတ်တရ ပစ္စည်းလေးတွေကို နှစ်ယောက်သား အနီးအနားမှာ အမြတ်တနိုးနဲ့ ဆက်လက် သိမ်းဆည်းထားကြပါစေ။

ချစ်သူ၏ လှုပ်ရှားမှုများကို မြင်သာသော တစ်နေရာမှ ကျွန်မ မြတ်မြတ် နိုးနိုး ဖြင့် ကြည့်နေခွင့် ရလိုပါသေးသည်။ ထိုအခါတွင်တော့ တပ်မက်စိတ်တစ်ခုဖြင့် မဟုတ်တော့ပါ။

ဖြူစင်သော ချစ်ခြင်းများဖြင့် မြတ်နိုး နှစ်သက်နေရုံမျှသာ ဖြစ်ပါသည်။

အလင်းပိတ်သတ္ထု


တစ်ဖတ်သတ်ပါ လို့ ဆိုခဲ့ရင်..

ယစ်မူးပျော်ဝင်နေအုံးမယ် ကွယ်။
...
တကယ်တော့...
နှစ်သက်လာခဲ့တာမှာ
တန်ပြန်ချက်တွေ မလိုပါဘူး။

စိတ်ကူးမှာ ဘယ်ခါမှ မမေ့၊
...
ဖြည့်ဆည်းပေးရုံ လေးတင်ပါ။

(ပန်းနွယ်)



ထိုခရီး


ကျောင်းသားတိုင်း မျှော်လင့်သော လေ့လာရေးနှင့် သင်ကြားရေး ခရီးရောက်လာပါပြီ။ ကျွန်မတို့ သူငယ်ချင်း တစ်သိုက် ရူးခဲ့ရပါသည်။ ထိုနေ့မတိုင်မီ တစ်နှစ်ကျော်ခန့်ကပင် ကြိုတင် အစီ အစဉ်များဆွဲကာ စိတ်ကူးနှင့် ရူးခဲ့ကြကာ ယခုမျှော်လင့်သောနေ့ ရောက်လာခဲ့ ပါပြီ။ အင်္ကျီ ဆင်တူ
ဝတ်ကာ ကျွန်မတို့ တမြို့တည်း သွားရမည့် သူငယ်ချင်း ကိုးယောက် သည်ရန်ကုန်-ပြည် ရထားကြီးပေါ်သို့ ရောက်လာကြပါသည်။ မိဘနှင့် တခါမျှ မခွဲဖူးသည့် သူငယ်ချင်းက မကြီးမငယ်နှင့် ငိုချင်းချနေသဖြင့် သူငယ်ချင်းများ သနားလည်းသနား၊ ရယ်လည်းရယ်ချင်နှင့်
ဝိုင်းချော့ကြကာ ပျော်ရွှင်ခဲ့ကြပါသည်။


ရထားကြီး ခရီးတွင်လာသည်နှင့်အမျှ မြို့အသီးသီးတွင် အဖွဲ့အသီးသီး ဆင်းသွားကြပါသည်။ မီးလာနေသောမြို့တွင် ဆင်းရသော အဖွဲ့များအား
မနာလိုကြည့် ဖြင့် ကြည့်ခဲ့ကြပြီး၊ မီးမလာသော မြို့တွင် ဆင်းနေခဲ့ရသော အဖွဲများအား ရထားပေါ်ကျန်ခဲ့သူများက စနောက်လှောင်ပြောင်ကာ ပျော်ခဲ့ရပါ သည်။ ကျွန်မတို့ ဆင်းရမည့်မြို့ရောက်သောအခါ မီးမလာသဖြင့် နောက်ပြောင် သံများကြားမှ ကျန်အဖွဲ့များကို နှုတ်ဆက်ကာ ရထားပေါ်မှ ဆင်းခဲ့ကြပါသည်။

ဆေးရုံတွင် တည်းရမည် ဖြစ်သော ကြောင့် ဘူတာနှင့် အတန်ဝေးသော ဆေးရုံသို့ ကားဖြင့် လာကြိုကြသော ဆရာများကို နှုတ်ခွန်းဆက်ကာ မှောင်ကြီးမည်းကြီးထဲ ဆူညံစွာကားပေါ်လိုက် ပါသွားခဲ့ကြပါသည်။ ဆေးရုံဝင်းထဲသို့ ကားကွေ့ဝင်လိုက်ချိန်တွင် မီးပြန်လာသ ဖြင့် ၀မ်းသာအားရ အော်ခဲ့ကြရပါသေးသည်။ ဆေးရုံတွင် အသင့်ပြင်ပေး ထား သော ထမင်းဟင်းများကို အားပါးတရ စားသောက်ကြပြီး အိပ်ရာဝင်ခဲ့ကြပါသည်။


မနက်လင်းသော် ပိုလီယို ကာကွယ်ဆေးထိုးပေးနေသည့် နောက်ဆုံး နေ့ ဖြစ်သောကြောင့် ဆရာများ မအားလပ်သဖြင့် ကျွန်မတို့ အုပ်စု ဟိုဝင်ရှုပ်၊
ဒီဝင်ရှုပ် လုပ်ခဲ့ကြပါသည်။ နေ့လည်ပိုင်း ထမင်းစားပြီး စာစသင်ခဲ့ရပါသည်။ ပုံမှန် ကျောင်းစာများမဟုတ်ဘဲ စိတ်ဝင်စားစရာများသင်ရပြီး ကလေး စာသင် သကဲ့သို့မဟုတ်ဘဲ လူကြီးလေးများသဖွယ် ဆက်ဆံကြသဖြင့် အလွန် သဘော ခွေ့ခဲ့ကြပါသည်။

နောက်ရက်များတွင်လည်း စာသင်ချိန် သင်ပြီး ကျန်အချိန်များတွင် ရွာများသို့သွားကာ စာတန်းပြုစုရန် စစ်တမ်းကောက်ကြရပါသည်။ စိတ်ဝင်စားစရာ မကောင်းသော အချိန်များ
ဖြစ်လိမ့် မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း မိမိတိုင်းပြည်၏ အဓိကထုတ်ကုန် ထုတ်လုပ်နေသော လယ်သမားများနှင့် ရွာဓလေ့ ရွာဘ၀ကို လေ့လာရင်း စိတ်
ဝင်စားရုံမျှမက ၀မ်းသာကြည်နူးခြင်း၊ ၀မ်းနည်းခြင်း၊ သနားခြင်း၊ အားကျခြင်း၊ တိုးတက်စေလိုစိတ်ဖြစ်ခြင်းတို့အပြင်၊၄င်းတို့ဘ၀တိုးတက်ရေးအတွက် မည်သို့မှ မတတ်နိုင်သည့် မိမိတို့ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်ခြင်းတို့ အမျိုးမျိုး ခံစားခဲ့ရပါသည်။


ကားဖြင့် သွားမရသော နေရာများသို့ နွားလှည်းတစ်တန်၊ ထော်လာဂျီတစ်မျိုး၊ လမ်းလျှောက်၍တစ်ဖုံ သွားခဲ့ကြပါသည်။ အလွန်ခေါင်သော ဒေသ မဟုတ်သေး သော်လည်း ဗဟုသုတ နည်းပါးပြီး ခေတ်သစ် နည်းပညာများ၊ ကုသမှုများ နှင့်
ဝေးလံနေသေးကြောင်း တွေ့ခဲ့ရသဖြင့် ၀မ်းနည်းခဲ့ကြရပါသည်။

မျက်လုံးတိမ်ဖြစ်သည်ကို ဆရာဝန်နှင့်ကုရန် လက်လှမ်းမမှီသဖြင့် ရမ်းကုနှင့် ခွဲစိတ်ကာ မျက်လုံး တစ်လုံးဆုံးရှုံးရသည့်အပြင် အနာမှာ ပုံမှန်မဟုတ်ဘဲ အသားစိုင်လုံးကြီးဖြစ်လာကာ ရုပ်ပျက်ဆင်းပျက် ဖြစ်ရသည်ကို တစ်မျိုး၊ ကလေးမွေးရာတွင် သားဖွားဆရာမနှင့် မမွေးဘဲ အရပ်လက်သည်နှင့် မွေးရာ ကလေးမှာ ပုံမှန်မဟုတ်ဘဲ ခြေနှင့်မွေးသော်ကြောင့် မိခင်အသက်ဆုံးရသည်ကို တစ်ဖုံ.. မမြင်ဖူး၊ မကြားဖူးသည်များ အမျိုးမျိုးတွေ့ခဲ့ရပါသည်။


စစ်တမ်းများ ကောက်ကြရာတွင်လည်း တစ်နှစ်ပုံမှန်ဝင်ငွေဆိုသော မေးခွန်းပါနေသဖြင့် အမျိုးမျိုးသော တုံ့ပြန်ချက်များ ရခဲ့ပါသေးသည်။ တိုက်ခံအိမ်နှင့် နေနေကြသော သူဌေးဆန်ဆန်အချို့က လျှော့ပေါ့ ပြောကြ သလို၊ ရွှံ့လမ်းမှလျှောက်ကာ ယိုင်နဲ့နဲ့တဲလေးသို့ ၀င်မေးရာ ပိုပိုသာသာ ပြောသည်ကိုလည်း ကြုံခဲ့ရပါသည်။ ယခုနှစ်ပိုင်းအတွင်း ဖျားနာမှု၊ ခွဲစိပ်ကုသ ခံရမှု ရှိဖူးပါသလား ဆိုသော မေးခွန်းအတွက်လည်း စိတ်ဝင်စားဖွယ် အဖြေ အမျိုးမျိုးရခဲ့ပေသည်။

အမျိုးသား သားကြောဖြတ်ခြင်းတရားမ၀င်သော တိုင်းပြည်ဖြစ်သောကြောင့် ကျွန်တော် သားကြောဖြတ်ထားတယ် ဟု တိုးတိုးပြောပြသောသူ၏ ကျွန်မတို့အပေါ်ထားရှိသော ယုံကြည်မှုကို ၀မ်းသာ မိပါသည်။ ဆီးချိုရောဂါ ဖြစ်ဖူးလား မေးရာ.. ကျွန်တော်က ဆီးမချိုဘူး၊ သွေးပဲ ချိုတာ ဆိုသည့် အဖြေမျိုးရရှိသဖြင့် အတော်အတန် အချိန်ယူကာ ရှင်းပြခဲ့ရပါသေးသည်။ မိမိအိမ်သို့ လာသူအား ရှိစုမဲ့စုလေးထဲမှ ရေနွေးလေးမှစ၍၊ လက်ဖက်၊ ကွမ်း၊ မုန့်ပဲသရေစာ အဆုံး ချကျွေးသည်များကို အားနာနာဖြင့် စားခဲ့ကြကာ အပြန်လမ်းတွင် ဗိုက်ပွပြီး နေမကောင်းထိုင်မကောင်း ဖြစ်ခဲ့ ကြရပါသေးသည်။


ဝမ်းနည်းစရာကောင်းသည်မှာ တစ်ခုသော အကြောင်းကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ကြရာ လူသူမနေသော နေရာသို့ ပြောင်းကြရသောကြောင့် ထိုနှစ်အတွက် ငှက်ဖျားဖြစ်နှုန်း အလွန်မြင့်တက်နေသည်ကို တွေ့ခဲ့ရပါသည်။ ထိုမြင့်တက်နေသည့် နှုန်းသည် စာရွက်ပေါ်ရောက်လာသော နှုန်းဖြစ်ပြီး၊ မသိလိုက်သော၊ စာရွက်ပေါ်မရောက်လိုက်သော ဝေဒနာရှင်အရေအတွက်ကို စိတ်ကူးဖြင့် မှန်းဆပြီး သက်ပြင်းအဖန်ဖန် ချခဲ့ကြရပါသေးသည်။


စေတနာစားကာ ၀မ်းဝနေကြသော၊ ထိုနေရာမျိုးတွင် ပေးဆပ်နေ ကြသော၊ လူတိုင်းလူတိုင်းကို အားကျ ချီးကျူးမိပါသည်။ ပေးဆပ်သူတယောက် ဖြစ်နိုင်ဖို့ရာ တကယ်ပင်မလွယ်ကူကြောင်း၊ ပါးစပ်မှ သနားစရာပါ... ဟုပြောတတ်ရုံနှင့် ကြင်နာတတ်သူ မဟုတ်ကြောင်း၊ လူအများ သတိ မပြု၊ ချီးမကျူးသည့်တိုင်အောင် ပေးဆပ်နေကြသူများမှာ လူနည်းစုဖြစ်ကြသော်လည်း ရှိနေကြောင်း... စသည့် အသိများ ပေးနိုင်ခဲ့သော ထိုခရီးကို ကျွန်မအမြဲပင် အမှတ်ရနေမည်ဖြစ်ပါသည်။

သုဟန်

ဆက်သွယ်ရန် လိပ်စာကတော့

အီမေးလ်ကတော့= maisoejar@gmail.com
ဘလော့ကတော့=www.palaunglay.blogspot.com

Visiter No