စီးပွားရေးသမား၊ ပယောဂသက်ရောက်မှုနှင့် တွတ်တံတောင်ခံရခြင်း |
ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုံရှိ ဦးလေးဖြစ်သူ၏ မူလီစက်ရုံသို့ အလည်အပတ် သွားရောက်စဉ် ထွေရာလေးပါး ပြောဖြစ်ကြပါသည်။ ဦးလေးဖြစ်သူနှင့် အတန်ကြာ မဆုံဖြစ်ခဲ့သောကြောင့် စကားစဉ်မပြတ်ဘဲ ရှိနေစဉ် ဦးလေးဖြစ်သူ၏ မေးခွန်းတစ်ခုကြောင့် အံ့သြမှင်တက်မိပါသည်။ `မင်း…စီးပွားရေးတစ်ခုခု မလုပ်သေးဘူးလား´ ဟု ဆိုလိုက်ရာ ရုတ်တရက် ဆွံ့အသွားမိသည်။ ဦးလေးဖြစ်သူက သာမန်ရိုး ၊ သာမန်စဉ် ပြောဆိုလိုက်ခြင်း ဖြစ်သော်လည်း အိမ်အပြန် လမ်းတလျှောက် အတွေးဖြာလာမိသည်။ အမှန်စင်စစ် အများပိုင် ( Public)ကုမ္ပဏီတစ်ခုတွင် လုပ်အားနှင့် ရင်းနှီး၍ လုပ်ခ လစာ ၀င်ငွေရှိနေသော ကျွန်တော့်အတွက် စီးပွားရေးလုပ်နေသည်ဟုပင် ခံယူထားပါသည်။ ဘောဂဗေဒ ကျမ်းရိုး၏အဆိုအရ မြေယာကဲ့သို့သော ပိုင်ဆိုင်ခွင့်များမှ ငှားရမ်းခ ( Rent )၊ အရင်းအနှီး ( Capital ) မှ အတိုး ( Interest )၊ လုပ်အား ( Labour ) မှ လုပ်ခ ( Wages ) နှင့် စွန့်ဦးတီထွင်သူ ( Enterpereneur ) မှ အမြတ်( Profit ) ရရှိနိုင်ပါသည်။ ဦးလေးယူဆသော စီးပွားရေးနှင့် ကျွန်တော်လုပ်သော စီးပွားရေး ကွဲလွဲနေဟန် ရှိသော်လည်း ဒင်္ဂါးပြားတစ်ချပ်၏ `ခေါင်းနှင့်ပန်း´ ကဲ့သို့ပင် ဖြစ်မည်ထင်ပါသည်။ `လူတိုင်းသည် စီးပွားရေး သတ္တ၀ါ´ ဟူသော စကားလေးကလည်း ခေါင်းထဲအလိုအလျောက် ရောက်ရှိလာကာ စိတ်ထဲ ဘ၀င်ကျသလို ရှိသွားပါသည်။ လူတိုင်းသည် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်သူများ ( Economic Agent ) သာ ဖြစ်ကြသည်။ စီးပွားရေး လုပ်ကိုင် ဆောင်ရွက်သူ သည် စီးပွားရေး ဆုံးဖြတ်ချက်များကို ပြုလုပ် ဆောင်ရွက်နေသော လူတစ်ဦးချင်းစီ ( Individual ) (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု ( Firm) (သို့)အစိုးရအဖွဲ့ ( Government ) တစ်ခုပင် ဖြစ်နိုင်ပါသည်။ အပြိုင်အဆိုင် သိပ်သည်းသော ယနေ့ဈေးကွက်စီးပွားရေးခေတ်တွင် စီးပွားရေး ဆောင်ရွက်သူများ၏ ဆုံးဖြတ်ချက် ၊ ဆောင်ရွက်မှုများသည် လူသားထု တစ်ရပ်လုံး၏ ကောင်းကျိုး၊ ဆိုးကျိုးများကိုပေးအပ်ဖန်တီးနေပါသည်။ ဘောဂဗေဒပညာရှင် အဒမ်စမစ် ၏မမြင်ရသောလက် ( Invisible Hand ) က ဈေးကွက်ကို မောင်းနှင်နေသော်လည်း စီးပွားရေးဖြစ်ထွန်းမှုတိုင်းတွင် ဈေးကွက်၏ ပုဂ္ဂလိကစရိတ်နှင့် အကျိုးအမြတ် ( Private Costs and Benefits ) တို့ ရှိနေပါသည်။ ဈေးကွက်လူမှုစရိတ်နှင့် အကျိုးအမြတ် ( Social Costs and Benefits ) များက ဖြစ်ပေါ်နေပါသည်။ ဥပမာအားဖြင့် စီးပွားရေးပြုလုပ်မှုတစ်ရပ်တွင် ပါဝင်သော ရောင်းသူ A နှင့် ၀ယ်သူ B တို့သည် ဈေးကွက်၏ ပုဂ္ဂလိကစရိတ်နှင့် အကျိုးအမြတ်တို့ကို အသီးသီး တာဝန်ခံရပါသည်။ A နှင့် B တို့၏ စီးပွားရေးပြုလုပ်မှုတိုင်းတွင် မဆီမဆိုင် ရိုက်ခတ်ခံရသော C အတွက်မူ ယင်းဈေးကွက်၏ လူမှုစရိတ်နှင့် အကျိုးအမြတ်တို့ကို အခမဲ့ တာဝန်ခံနေရသည်ဟု ယူဆနိုင်ပါသည်။ ယင်းသည် C အတွက် ၀န်ပိစေခြင်းတစ်မျိုးပင်။ လက်ရှိဂလိုဘယ် စီးပွားရေးသည် အထက်ဖော်ပြပါ ဥပမာထက် အဆများစွာ ရှုပ်ထွေးနေပါသည်။ တစ်ကြောင်းဆွဲ ယုတ္တိဖြင့် အလုပ်ဖြစ်ဟန် မရှိပါ။ တစ်နည်းအားဖြင့် ထိုဖြစ်စဉ်များမှတဆင့် ပတ် ၀န်းကျင် ယုတ်လျော့ပျက်စီးမှု ပြဿနာ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ ရေနံထုတ်လုပ်သူ X အနေနှင့် ရေနံတစ်စည်၏ အနည်းဆုံး ထုတ်လုပ်မှု ကုန်ကျစရိတ် 70 ဒေါ်လာ ရှိသည်ဟု ယူဆကြည့်ပါ။ ရေနံဝယ်ယူသူ Y အနေနှင့် အများဆုံးပေးနိုင်သောဈေးနှုန်း ( Maximum Price ) မှာ ဒေါ်လာ 90 ဖြစ်ပါသည်။ ရေနံဈေးကွက်တွင် အရောင်းအ၀ယ် ပြုကြရာ ( Price of deal ) ဒေါ်လာ 86 နှင့် အလုပ်ဖြစ်သွားပါသည်။ ဒေါ်လာ 86 နှင့် အလုပ်ဖြစ်ခြင်းသည် ရောင်းသူနှင့်ဝယ်သူ နှစ်ဦးစလုံး ရရှိသော (win/win) ပုံစံတစ်မျိုး ဖြစ်ပါသည်။ ဒေါ်လာ 70 အောက်နှင့် အလုပ်ဖြစ်လျှင် ထုတ်လုပ်သူ X ရှုံးနိမ့်မည် ဖြစ်ပါသည်။ ဒေါ်လာ 90 ကျော်ခဲ့ပါမူ Y အနေနှင့် ရေနံဝ ယ်ယူနိုင်မည် မဟုတ်ပါ။ 86 ဒေါ်လာနှင့် အလုပ်ဖြစ်သွားရာ X က အမြတ် 16 ဒေါ်လာ ရရှိပြီး Y က အပို 4 ဒေါ်လာ စုဆောင်းမိပါသည်။ ဆိုရလျှင် စီးပွားရေးဆောင်ရွက်နေသော X နှင့် Y တို့သည် ၄င်းတို့၏ ပုဂ္ဂလိကစရိတ် ( Private Costs ) ကို အပြည့်အ၀ မပေးလိုသော်လည်း အကျိုးအမြတ်ကိုမူ အမြင့်ဆုံးရောက်အောင် ကြိုးစားခဲ့ကြသည်။ ကုန်ခမ်းသွားသော သယံဇာတ အရင်းအမြစ် ရေနံ Z နှင့် ရေနံရှားပါးသွားသော အနာဂတ်မျိုးဆက် W အတွက်မူ လူမှုစရိတ် ( Social Costs ) အဖြစ် ၀န်ပိစေခဲ့ပါသည်။ သစ်တောများပြုန်းတီးခြင်း၊ အိုဇုန်းလွှာပေါက်ပြဲခြင်းနှင့် ညစ်ညမ်းစွန့်ပစ်ပစ္စည်းများ စုပုံလာခြင်းကဲ့သို့သော အလားတူ ကိစ္စရပ်များအတွက် ရောင်းသူ၊ ၀ယ်သူ၊ စီးပွားရေးပြုလုပ်သူများက အပြည့်အ၀ တာဝန်မခံသောအခါ လူသားထုတစ်ရပ်လုံးနှင့် သက်ဆိုင်သော ဂလိုဘယ် ပတ်ဝန်းကျင် ယိုယွင်းမှု ပြဿနာများ ပေါ်ပေါက်လာပါသည်။ ဤကဲ့သို့ စီးပွားရေးဖြစ်ထွန်းမှုတိုင်း၏ ရည်ရွယ်ချက်ရှိသော ( သို့မဟုတ်) မမျှော်လင့်သော အကျိုးဆက်များမှ ဖြစ်ပေါ်လာသော ပတ်ဝန်းကျင် ယိုယွင်းမှု ပြဿနာများကို ပယောဂသက်ရောက်မှု (Externality ) ဟု ခေါ်ဆိုနိုင်ပါသည်။ ပယောဂသက်ရောက်မှုတွင် အပြုနှင့် အပျက် သဘော နှစ်မျိုးစလုံး ရှိနေရာ ပတ်ဝန်းကျင် ယိုယွင်းမှု ပြဿနာသည် အပျက်(အနှုတ်)သဘော ( Negative ) ဖြစ်ပါသည်။ သင့်အနေနှင့် စိတ်ကျေနပ်မှု ရရှိရန် ဥယျာဉ်တစ်ခု ပြုလုပ်ခဲ့ရာ သင့်အိမ်ပတ်ဝန်းကျင်အတွက်လည်း အပန်းဖြေ အသုံးတည့်စေနိုင်ပါသည်။ ယင်းသည် အပြုသဘောဆောင် ပယောဂသက်ရောက်ခြင်း ( Positive Externality ) တစ်မျိုးပင် ဖြစ်ပါသည်။ သို့ဖြစ်ရာ ဦးလေးဖြစ်သူ၏ `စီးပွားရေးမလုပ်သေးဘူးလား´ဟူသော မေးခွန်းမျိုးသည် စေတနာ အကြံကောင်းနှင့် သက်ရောက်သော ပယောဂဟု ဆင်ခြင်မိပါသည်။ ဦးလေးဖြစ်သူနှင့် မီဒီယာမျိုးစုံတို့၏ လတ်တလော တင်ပြမှုများကြောင့် စီးပွားရေးနှင့် ပတ်ဝန်းကျင် ပြဿနာတို့၏ အဆက်အစပ်ကို အရိုးရှင်းဆုံး တွေးတောမိခြင်းဖြစ်ရာ ကျွန်တော့်အတွက် အကျိုးအမြတ် ( Private Benefits ) ထွက်ရှိခဲ့ပါသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် Micheal Jobcob ၏ စကားအငှားနှင့် ဆိုရလျှင် ဈေးကွက်၏ `မမြင်ရသော တွတ်တံတောင်´ ကို ခံစားသိမြင်ပါသည်။ သင့်အနေနှင့် စူပါမားကတ်မျိုးစုံကို သွားရောက်၍ ပစ္စည်းမျိုးစုံကို စိတ်ကြိုက်ဝယ်ယူနိုင်ပါသည်။ ပစ္စည်းများကို ဈေးနှုန်းချိုချိုသာသာနှင့် စိတ်ကျေနပ်မှု ရရှိခဲ့သည် ဆိုပါစို့။ ပယောဂသက်ရောက်ခြင်း (Externality ) အကြောင်းကို မစဉ်းစားမိသူဟုပင် ဆိုရပါမည်။ အမှန်စင်စစ် သင်ဝယ်ယူခဲ့သော ပစ္စည်းများသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေသော နည်းပညာသုံး ပစ္စည်းများ ( Pollution technology ) ဖြစ်နိုင်ပါသည်။ ကလေးလူငယ်တို့၏ လုပ်အားကို သုံးစွဲထုတ်လုပ်ခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ တစ်မျိုးမျိုးဖြစ်ခဲ့သော် စီးပွားရေးသမားတစ်ဦး ( Economic Agent ) ၏ ရင်ဝသို့ သက်ရောက်ခဲ့သော ``တွတ်တံတောင်´´ ဟူ၍ပင် ဆိုရပါမည်။ ဂြိုဟ်ကမ္ဘာပေါ်တွင် နေထိုင်ကြသူတိုင်း စီးပွားရေးနှင့် နှီးနွယ်ပတ်သက်နေရပါသည်။ စီးပွားရေး ဆောင်ရွက်မှုများကြောင့် သဘာဝ ပတ်ဝန်းကျင် ပြဿနာများ ကြီးထွားပေါ်ပေါက်နေပါသည်။ အများသိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဗျူဟာဖြစ်သော R သုံးလုံး ( Reuse, Reduce, Recycle ) ကို လိုက်နာကျင့်သုံးသော လူသားတစ်ဦးဖြစ်အံ့။ ``တွတ်တံတောင်´´ မမိဖို့ ဆုတောင်းရဦးမည် ဖြစ်ပါသည်။ ဟိန်းမင်းအောင် |