အတွေးစများ |
အမိယုတ်တော့ နှုတ်ကြမ်း၏။ အဖယုတ်တော့ ကိုယ်ကြမ်း၏ ။ ဆိုတဲ့လောကနီတိကျမ်းလာမြန်မာရှေးရိုးစကားကြောင့် ကျွန်မမှာ ဘာတစ်ခုပဲလုပ်ချင် လုပ်ချင် စဉ်းစား နေရပါတယ်။ ကိုယ့်ဘာသာလုပ်လိုက်ပေမယ့်လည်း ကိုယ့်မိဘ ကိုထိခိုက်မှာစိုးတာနဲ့ အနေအထိုင် ၊ အပြောအဆိုကစလို့ ဆင်ခြင်နေရပါတယ်။ ကိုယ့်ဘာသာကိုယ် လုပ်ချင်ရာလုပ် ၊ ပြောချင်ရာပြောတာကို ဘာမှမဆိုင်ဘဲ မိဘက အလကားနေရင်းကြားကနေ ယုတ်တယ် ဖြစ်သွားဦးမှာမို့ တစ်ခုခု ပြောတော့မယ် ဆိုတိုင်းလည်း စဉ်းစားပြီးမှပြောနေရပါတယ်။ ကျွန်မအပေါ်ကြီးမားလှတဲ့ မိဘကျေးဇူးကို ကျွန်မပြန်လည်ဆပ်နိုင်ဖို့ဆိုတာ ဒီ ဘ၀တစ်ခုတည်းနဲ့လုံလောက်မှာမဟုတ်ပါဘူး။မိဘကျေးဇူးကိုမဆပ်နိုင်သေးတဲ့အပြင် မိဘကိုပါ အပြောခံရအောင်လုပ်မယ်ဆိုရင် ကျွန်မအင်မတန်မတရားတော့ဘုးလေ။ ယနေ့ခေတ်လူငယ်လေးတွေက အင်မတန်ကြိုးစားကြပါတယ်။ ကြိုးစားသလောက် လည်း ဖြစ်ထွန်းကြပါတယ်။ နည်းပညာ နဲ့ အဆင့်မြင့်ပညာတွေထွန်းကားတဲ့ ခေတ်ကြီးမို့ လူငယ်လေးတွေ အင်မတန်ထူးချွန်ကြပါတယ်။ မိဘတွေ ကြောင့် မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ်ကြိုးစားလို့ ဒီလိုဖြစ်တာ ဒီလိုတတ်တာ၊ ဒီလိုတော်တာ ဆိုတဲ့ သဘောမျိုး ပြောနေတဲ့လူငယ်လေးတွေကိုတွေ့ရင် ကျွန်မ အရမ်း ပြောချင်တာ တစ်ခုက... ဟုတ်ပါတယ်။ ကိုယ်ကြိုးစားလို့ ဒီလိုတတ်မြောက်ထူးချွန်နေတာ။ ဒါပေမယ့် ဒီလိုပညာရပ်တွေကိုဆည်းပူးဖို့ အခြေခံပညာ ကစလို့ သင်ပေးခဲ့တာ ၊ ကျောင်းထားပေးခဲ့တာ မိဘတွေမဟုတ်ပါလား။ အေ ဘီ စီ ဒီ ကစလို့မတတ်ဘဲ ၊ ၀လုံးလေးဝိုင်းအောင်မရေးတတ်ဘဲ ဒီလို ပညာရပ်တွေကို ၀ုန်းကနဲ ၊ ဒိုင်းကနဲ ဘယ်သူတတ်မြောက်ပါမလဲ။ မိဘကမွေးခဲ့လို့ လူအဖြစ်ကိုရောက်လာပြီး မိဘက ကျွေးမွေးပြုစုခဲ့လို့ ဒီအရွယ် ဒီလိုဖြစ်လာတာမှာ မိဘတွေကြောင့်မဟုတ်ဘူးလို့ ပြောလို့ရပါမလား။ တချို့လူငယ်လေးတွေက သူတို့ဘာသာမနေနိုင်မထိုင်နိုင်မွေးလို့ လူဖြစ်လာတာပဲ။ ကျေးဇူးတင်စရာမလိုပါဘူး ဆိုတဲ့သဘောမျိုးလည်း ပြောတာကို ကြက်သီးမွေးညှင်းထစွာ ကြားခဲ့ရဖူးပါတယ်။ မိဘနှစ်ဦး အချစ်ပွားလို့ပဲ မွေးလို့ လူဖြစ်လာတယ် လို့ဆိုတာ လူမဖြစ်ရင် ကိုယ်ဘာသွားဖြစ်မလဲဆိုတာ တွေးကြည့်မိပါ တယ်။ လူဆိုတာ သက်ရှိတွေထဲမှာ အဆင့်မြင့်ဆုံး ၊ ဥာဏ်ပညာအရှိဆုံးနဲ့ စဉ်းစား တွေးခေါ် မြော်မြင်နိုင်စွမ်းအရှိဆုံးပါ။ တကယ်လို့များ ကျွန်မတို့ လူမဖြစ်လာရင် တခြား သက်ရှိတွေဖြစ်လာမှာပေါ့။ ဒါဆိုလူဖြစ်လာရတဲ့အတွက် မိဘတွေရဲ့  ကျေးဇူး အင်မတန်ကြီးမားလှပါတယ်။ မိဘတွေရဲ့  မွေးကျေးဇူး ၊ ကျွေးကျေးဇူး နဲ့ ပြုစုစောင့်ရှောက် ပညာသင်ပေးခဲ့တဲ့ ကျေးဇူးတွေကို ကျွန်မ မဆပ်နိုင်ဘဲ မိဘတွေ အပြောခံရအောင်တော့ မလုပ်ပါဘူးလို့ ဆုံးဖြတ်မိပြီး ကျွန်မ တစ်ခုခုပြောမယ် လုပ်မယ်ရည်ရွယ်တိုင်း မိဘ နှစ်ပါးရဲ့  မျက်နှာ ကိုမြင်ပြီး ဆင်ခြင်မိပါတယ်။ လူ့စိတ် ကိုလေ့လာတဲ့အခါမှာလည်း လူတွေဟာတစ်ခုခုကိုပြောလိုက်တာ မရည်ရွယ်ဘူးလို့ပြောလို့မရပါဘူး။ စကားတစ်ခွန်းကိုပြောလိုက်တယ်ဆိုရင် အဲဒီ စကားဟာသူ့စိတ်မှာကြိုတင်တွေးတောကြံစည်ပြီးသားမို့ပါ။ ဒေါသအလျှောက် ပြောမိတယ်။ မှားမိတယ်လို့ လူတွေဟာ ဆင်ခြေပေးတတ်ကြပေမယ့် တကယ်တန်း လူ့စိတ်သဘောမှာ တစ်ခုခုကိုပြောမယ်ဆိုတာ သူ့စိတ်မှာ နဂိုတည်းကရှိပြီးသားမို့ သူ့ပါးစပ်ကနေပြောထွက်သွားတာပါ။ ဥပမာ ဆိုရင် မင်းကဘာကောင်မို့လဲ လို့ မေးလိုက် ၊ ပြောလိုက်တဲ့ လူတစ်ယောက်ဟာ သူမေးလိုက်၊ ပြောလိုက်တဲ့ သူကို အဲလိုသူ့စိတ်ထဲမှာတွေးပြီးသားပါ။ သူကဘာကောင်မို့လဲ။ သူက ဘာမို့လို့လဲ ဆိုတာကို သူ့စိတ်မှာရှေးဦးမဆွတည်းက ကြံစည်တွေးတောမိပြီးသားမို့ သူမေးတာ ပြောတာပါ။ ရုတ်တရက်ဆိုတော့ ဒေါသအလျှောက် ပြောလိုက်မိတာပါ။ ဒေါသနဲ့ စကားတွေ မှား တာပါလို့ ဆင်ခြေ ဆင်လက်တွေ လူတွေကပေးတတ်ကြပေမယ့် ဘယ်စကား ၊ ဘယ်အရာမဆို လူ့စိတ်ကနေ ကြံစည်တွေးမိပြီးသားတွေဆိုတာ နက်နဲပြီး စိတ်ဝင်စား စရာကောင်းလွန်းလှတဲ့ သိမ်မွေ့လှတဲ့ ဘာသာရပ်တစ်ခုဖြစ်တဲ့ လူ့စိတ် သဘော ဘာသာရပ်မှာ လေ့လာတွေ့ရှိနိုင်ပါတယ်။ အဲဒါသူ့ ၀သီပဲလေ။ သူကဒီလိုပဲပြောတတ်တာပဲ ။ သူ့စိတ်မှာဘာမှ သဘော မရှိဘူး။ သူ့အကျင့်မို့လို့ သူဒီလိုပဲ ပြောတာ လုပ်တာလို့ လူကြီးသူမတွေက တစ်ယောက်နဲ့တစ်ယောက်အမုန်းပွားမှာစိုးလို့ ဆင်ခြေတွေကြားထဲကနေ ပေးနေ တတ်ကြပါတယ်။ ဒါပေမယ့်သေချာပြန်စဉ်းစားကြည့်ရင် အပြော အဆို အပြု အမူတွေဟာ လူ့စိတ်ကနေကြိုတင်မကြံစည်ထားဘဲ သူ့အလိုလိုဖြစ်မှမလာနိုင်တာပဲ။ လူကြီးတွေပြောတဲ့စကားကို ဒီနေရာမှာ ဆန့်ကျင်လိုပေမယ့် ဘာမှမပြောမိတော့ပါဘူး။ ဒါသူ့ဝသီပဲလေ ဆိုလည်း သူ့ဝသီပေပဲလို့ ထားလိုက်ရုံပဲရှိပါတော့တယ်။ …………………………………………………………………… ဆရာကြီး လူထုဦးစိန်ဝင်းရဲ့ ရှက်စိတ်ဆိုတဲ့ ဆောင်းပါးရှည်ကို ကျွန်မတို့ လူငယ်တွေ အတော်များများ ဖတ်ဖူးကြပါတယ်။ ဆရာကြီး ပြောသလိုပဲ ခေတ်ကာလ ရွေ့လျော လာတာနဲ့ အမျှ အရှက်တရားဟာလည်း တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။ ဟိုအရင်က စာမေးပွဲမှာ ခိုးချ ၊ ကူးချဖြေတာကို ကျောင်းသားတွေက ရှက်တတ် ခဲ့ကြပေမယ့် အခုခေတ်အချိန်မှာတော့ ဒါဟာ လုပ်ရိုးလုပ်စဉ်တစ်ခုလိုဖြစ်နေပြီး မရှက်ကြတော့ပါဘူး။ ဟိုအရင်က ရိုးသားမှု ကိုဂုဏ်ယူတတ်ကြခဲ့ပေမယ့် အခုခေတ်ကာလအချိန်မှာ ရိုးသားရတာကို အ တယ် နုံတယ် လို့ထင်ကြမှာ စိုးလို့ဆိုပြီး ရိုးသားမှု ဂုဏ်ကို တန်ဖိုး ထားရကောင်းမှန်း သိသူရှားပါးလာပါတယ်။ ဟိုအရင်က ရှက်စရာကောင်းတယ်လို့ ထင်ခဲ့ကြတဲ့ အပြုအမူ ၊ လုပ်ရပ်တချို့ဟာ အခုအချိန်မှာ သာမန်မျှသာဖြစ်နေပါတယ်။ ကိုယ်ကျင့်တရား စောင့်ထိန်းသူတွေ ဟာ မိမိကိုယ်ကျင့်တရားပျက်ယွင်းမှာ ကိုအသက်သေမတတ်ကြောက်ရွံ့ ရှက်တတ်ကြပေမယ့် ကိုယ်ကျင့် တရားမ စောင့်ထိန်းသူတွေဟာ ပြောင်ပြောင်တင်းတင်း ပေါ်ပေါ်တင်တင်ပဲ မစောင့်ထိန်း တော့ပါဘူး။ လူ့တန်ဖိုးကို တိုင်းတာတဲ့အရာဟာလည်း ပြောင်းလဲသွားပြီလား ဆိုတာ ကျွန်မ ဇဝေဇ၀ါဖြစ်မိပါတယ်။ ကိုယ်ကျင့်တရားကောင်းမွန်အောင်စောင့်ထိန်းဖို့ဆိုတာက ခက်ပါတယ်။ အခုခေတ်ကာလမှာ ကိုယ်ကျင့်တရားပျက်စီးကြောင်း အာရုံတွေ ၊ အပျော်တွေက သိပ်ကိုလွယ်လင့်တကူများပြားနေတာကြောင့် ကိုယ်ကျင့်တရား စောင့်ထိန်းသူ ဦးရေလျော့ပါး လာပါတယ်။ ကိုယ်ကျင့်တရားစောင့်ထိန်းဖို့ဆိုတာက မိမိစိတ်ကိုချုပ်တည်းရမယ် ဆိုတာမျိုးမှာ လူတွေ အတွက်အခက်တွေ့စေပါတယ်။ ကိုယ်ကျင့်တရားစောင့်ထိန်းသူကို ကိုယ်ကျင့်တရားမစောင့်ထိန်းသူတွေက မနှစ်သက်တတ်ပါဘူး။ မိမိက ကိုယ်ကျင့် တရားမစောင့်ထိန်းနိုင်တဲ့အခါမှာ ကိုယ်ကျင့်တရားစောင့်ထိန်းသူတို့ရဲ့ အပြု အမူ ၊ လုပ်ရပ်တွေ နဲ့ မိမိရဲ့ အပြုအမူ လုပ်ရပ်တွေကို ယှဉ်ကြည့်ရင် မသိစိတ်က ရှက်စရာ ဖြစ်မိတာကြောင့် ကိုယ်ကျင့်တရားမစောင့်ထိန်းသူတို့ဟာ ကိုယ်ကျင့်တရား စောင့်ထိန်းသူတို့နဲ့ မိတ်ဆွေ မဖြစ်လိုကြပါဘူး။ ထို့အတူပဲ ကိုယ်ကျင့်တရားစောင့်ထိန်းသူများဟာ လည်း ကိုယ်ကျင့်တရား မစောင့်ထိန်းသူများနဲ့ မိတ်ဆွေ မဖြစ်လိုကြပါဘူး။ မတူညီသော သဘောသဘာဝ၊ စရိုက်များနဲ့ လူများဟာ အတူတကွ မိတ်ဆွေ အပေါင်းအသင်းဖြစ်နိုင်ဖို့ ဆိုတာ အင်မတန်ရာခိုင်နှုန်း နည်းပါတယ်။ အခုလက်ရှိကာလမှာ ကိုယ်ကျင့်တရားစောင့်ထိန်းဖို့ ဆိုတာက ကိုယ်ကျင့်တရားဖောက်ဖျက်ဖို့လောက် မလွယ်ကူတာကြောင့် အလွယ်တကူဖြစ်တဲ့ ကိုယ်ကျင့်တရားဖောက်ဖျက်သူ အရေအတွက်သာပိုများလို့နေပါတယ်။ ကိုယ်ကျင့်တရားမစောင့်ထိန်းသူအချင်းချင်း မိတ်ဆွေ အပေါင်းအသင်းဖြစ်မိကြပြီး အချင်းချင်းနှစ်လိုပါတယ်။ လူဆိုတာ ကိုယ်မှားနေတာလုပ်နေရင် ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး ဆိုတာကို လက်ညှိုးထိုးပြလို့ရအောင် အဖော်ရှာတတ်ကြပါတယ်။ အရေအတွက်များလာတဲ့ ကိုယ်ကျင့်တရားမစောင့်ထိန်းသူတွေဟာ အင်အား ကြီးမားလာလို့ သူတို့ကိုယ်တိုင်ကပဲ မှန်နေသလိုမျိုး အခုခေတ် ကာလမှာ ဖြစ်နေပြန်တော့ ကိုယ်ကျင့်တရားစောင့်ထိန်းသူ လူနည်းစုမှာ မိမိရပ် တည်နေမှု အပေါ်မှာ သင်္ကာမကင်းဖြစ်ဖို့တော့မလိုအပ်ပါဘူး။ ဘာလို့လဲ ဆိုတော့ တန်ဖိုးရှိတဲ့ အဖိုးတန် ပစ္စည်းဆိုတာ ရှားပါးပါတယ်။အရေအတွက် များများမရှိလှပါဘူး။ အဖိုးတန်ပစ္စည်းဆိုတာ ကိုယ့်တန်ဖိုး မကျသွား အောင် ထိန်းသိမ်းရပါတယ်။ လူတစ်ယောက်ရဲ့တန်ဖိုးကိုတိုင်းတာတဲ့ ကိုယ်ကျင့်တရားဆိုတာကို နည်းနည်းလေးမှ အပွန်းပဲ့မခံဘဲ ထိန်းသိမ်းမလား ။ ကိုယ်ကျင့်တရား မစောင့်ထိန်း သူအဖြစ်ပဲ မိမိကိုယ်မိမိ ခံယူမလားဆိုတာ ကျွန်မတို့ရဲ့  ရွေးချယ်မှုသာဖြစ်ပါတယ်။
ဟနစံ |